ကော့သောင်း ဩဂုတ် ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘန်းကချွန်ကျေးရွာအုပ်စု၊(၁၄)မိုင်ကျေးရွာတွင် ဖွင့်လှစ်မည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ကော့သောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ အဆိုပါ အခမ်းအနသို့ ကော့သောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ (၁၄)မိုင်ကျေးရွာမှ ရပ်မိရပ်ဖများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကော့သောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က အဖွင့်အမှာစကားပြောကြားပြီး ကော့သောင်းခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ယင်းနောက် ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစိုးထက်အောင်မှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကော့သောင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာဝင်းက သင်တန်းသူများထံသို့ သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ အခမ်းအနားရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းကို ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ (၁၄)မိုင်ကျေးရွာ၊ ဓမ္မာရုံတွင်ဆပ်ပြာရည် အမျိုးမျိုး၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်၊ပရုတ်ဆီနှင့်ဖယောင်းခဲပြုလုပ်နည်းများကို သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးအား ဩဂုတ်(၁၁) ရက်နေ့မှ (၁၅)ရက်နေ့ထိ (၅)ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)