ကျွန်းစုမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း‌ ဖွင့်လှစ်

ကျွန်းစု ဩဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း‌ ပထမအကြိမ်ကို ဩဂုတ်လ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြိတ်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဘွား၊  ကျွန်းစုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဒေါ်မို့မို့အေးတို့က သင်တန်းစတင်သင်ကြားပို့ချခဲ့သည်။

သင်တန်းတွင် အီလက်ထရောနစ် မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ အီလက်ထရောနစ် မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲရုံတွင် အီလက်ထရောနစ်မဲပေးစက်များ အသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်‌မဲပေးခြင်း၊ အီလက်ထရောနစ် မဲပေးစက်များကို ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲပေးစက်အသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ သင်တန်းသား၊သင်တန်းသူများအား လက်တွေ့ကိုင်တွယ်လေ့ကျင့်စေခြင်း စသည့် လုပ်ငန်းစဉ်များ ပို့ချပေးသွားမည်ဖြစ်သည်။

ကျွန်းစုမြို့တွင် ရွေးကောက်ပွဲ ကျင်းပမည့် မဲရုံ ၉၈ ရုံရှိပြီး မဲရုံများအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းများကို ပထမအကြိမ် ၁၀၃ ဦး၊ ဒုတိယအကြိမ် ၁၂၉ ဦး၊ တတိယအကြိမ် ၁၄၅ ဦး၊ စုစုပေါင်း ၃၇၇ ဦး တို့အား တစ်ကြိမ်လျှင် သင်တန်းကာလ နှစ်ရက်ကြာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဩဂုတ် ၁၁ ရက်နေ့ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)