ထားဝယ် ဩဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် e-Governmentအထောက်အကူပြု အခြေခံကွန်ပျူတာအသုံးချ သင်တန်းအပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၉ ရက်နေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ Polytechnic University (Dawei)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့နိုင်ငံတော်က e-Government လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာနများကိုလည်း e-Government လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ရန် တွန်းအားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ e-Government ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို Myanmar e-Governance Master Plan 2030 ၏ လမ်းပြမြေပုံတွင် ဖော်ပြထားသောအဆင့်များ အတိုင်းအောင်မြင်စေရန် တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ထို့ကြောင့် Myanmar e-Governance Master Plan 2030 ၏ လမ်းပြမြေပုံတွင် ပါဝင်သောလုပ်ငန်းစဉ် တစ်ခုဖြစ်သည့် ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်ရေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကိုဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရန် ဦးတည်သည့်ပြည်သူ့အီလက် ထရောနစ်ဝန်ဆောင်မှုများ လျှင်မြန်စွာတိုးတက်လာစေရန်နှင့်e-Government ကိုထိရောက်မြန်ဆန်စွာ အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်ရန် သင်တန်းကိုဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ e-Government လုပ်ငန်းသည်ပြည်သူ့ဝန်ဆောင်မှုများအရည်အသွေးကိုမြှင့်တင်ပေးရုံ သာမက အစိုးရ၏လုပ်ငန်းဆောင်ရွက်မှုများကို တာဝန်ခံမှုနှင့်ပွင့်လင်းမြင်သာဖြစ်မှုကိုလည်း တိုးမြှင့်စေကြောင်း၊ အစိုးရ၏လုပ်ငန်းများ၊ စီမံကိန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျွမ်းကျင်မှုရှိပြီး စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်မှာဖြစ်သောကြောင့် ပြည်သူ့ ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ သင်တန်းမှ သင်ကြားပေးလိုက်သော သင်ခန်းစာများကိုလည်းလုပ်ငန်းခွင်နယ်ပယ်တွင် လက်တွေ့ပြန်လည်အသုံးချရမှာဖြစ်ကြောင်း၊ နောင်လာမည့် သင်တန်များတွင် ယခုသင်ခန်းစာများအပြင် အစဉ်အမြဲ ပြောင်းလဲတိုးတက်နေသော ICT နည်းပညာများကို အမီလိုက်နိုင်ရန်အတွက် ခေတ်မီသင်တန်းများဖြစ်သော အီလက်ထရောနစ် စာရွက်စာတမ်းများ စီမံခန့်ခွဲမှုစနစ်(Electronic Document Management System, EDMS)သင်တန်းများ၊ ဉာဏ်ရည်တုနည်းပညာ (AI)များ ပတ်သက်သည့်သင်တန်း များနှင့် ICT အသုံးချ Tools သင်တန်းများကိုပါဖြည့်စွက်ဆက်လက်သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသားများ၏ တတ်မြောက်လာမည့်နည်းပညာ၊ ကျွမ်းကျင်မှုနှင့် မှန်ကန်သောအတွေးအမြင်များသည် e-Government လုပ်ငန်းကို လက်တွေ့ဖြစ်လာစေရန် တွန်းအားဖြစ်သည့်အတွက် ကြိုးစားသင်ယူကြရန် မှာကြားလိုကြောင်း၊ သင်တန်းသားများ၏ ကြိုးစားအားထုတ်မှုဖြင့် တိုင်းဒေသကြီး၏ e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သင်တန်းတွင်(ပထမ၊ ဒုတိယ၊တတိယ) ဆုရရှိသူများအား ဆုများချီးမြှင့်ပြီး e-Government လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က သင်တန်းသား၊ သူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ကာ သင်တန်းသားတစ်ဦးက သင်တန်းသား၊ သင်တန်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)