ဘားအံ ဩဂုတ် ၁၀
ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်သည် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး/ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြု မြန်မာ့သိုင်းအားကစားသမားများအား ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ပဒုမ္မာအားကစားရုံ၊ နှစ်ထပ်ဆောင်ခန်းမ၌ တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က တိုင်းဒေသကြီး/ပြည်နယ် မြန်မာ့သိုင်းအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့သိုင်း အားကစားသမားတစ်ယောက်အနေဖြင့် အခြေခံနည်းစနစ်တွေ နားလည်ရန်လိုအပ်ပြီး ပိုင်ပိုင်နိုင်နိုင်ကစားနိုင်ရန် လိုအပ်ကြောင်းနှင့် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ဖြင့် ယုံကြည်မှုရှိရန်လိုအပ်ပါကြောင်း၊ ထူးချွန်ဆုရရှိသည့် အားကစားများကိုလည်း မိမိတို့ပြည်နယ်အစိုးရအဖွဲ့မှ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားကစားသမားများအနေဖြင့် အောင်မြင်မှုရရှိစေရန် မိမိကိုယ်တိုင်သာ ကြိုးစားအားထုတ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်နယ်ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ဖြစ်လာမှာဖြစ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်အားကစားပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အားကစားနည်းကိုလည်း နားလည်မှုရှိရန်နှင့် စည်းမျဉ်းစည်းကမ်းများကိုလည်း သိရှိစေပြီး လိမ်မာပါးနပ်စွာဖြင့် တစ်ဖက်ပြိုင်ဘက်အားကစားသမား၏ အားနည်းချက်အားသာချက်များကို သိရှိနားလည်ပြီး ကစားတတ်ရန် လိုအပ်ပြီး ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က တိုင်းဒေသကြီး/ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြု မြန်မာ့သိုင်းအားကစားသမားများအတွက် ချီးမြှင့်ငွေကျပ် (၃၀၃၀၀၀၀၀/-) ပေးအပ်ပြီးနောက် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားပေးခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)