ဘားအံ ဩဂုတ် ၁၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လူငယ်စင်တာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဖွင့်လှစ်သည့် အဆင့်မြင့်ပန်းချီရေးဆွဲခြင်း သင်တန်းဆင်းပွဲကို ဩဂုတ်လ(၈)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အဆိုပါလူငယ်စင်တာရှိ ပန်းချီသင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လူငယ်စင်တာတွင် လူငယ်များနှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေ ခြင်းဖြစ်ပါကြောင်း၊ ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့်စကားနှင့်အညီ လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်ပါကြောင်း၊ ယခုအဆင့်မြင့် ပန်းချီရေးဆွဲခြင်း သင်တန်းကိုလည်း ပြည်နယ်အစိုးရ၏ ချီးမြှင့်ငွေဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ နောင်တွင်လည်း ယခုကဲ့သို့ လူငယ် များအတွက် ပန်းချီသင်တန်းအပြင် နည်းပညာနှင့်ပတ်သက်သည့် ကွန်ပျူတာသင်တန်းများ၊ အိမ်တွင်းမှု သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအဆင့်မြင့် ပန်းချီသင်တန်းတွင် ရေဆေးအကြည်၊ ရေဆေးအထူ၊ Arcylic ဖြင့် ပန်းချီကား ရေးဆွဲခြင်း၊ ရုပ်ပုံအမျိုးမျိုးရေးဆွဲခြင်း၊ ရှုမျှော်ခင်း၊ လူမျက်နှာပုံရေးဆွဲခြင်း၊ စိတ်ကူးပုံဖော်ရေး ဆွဲခြင်းဘာသာရပ်များကို ပန်းချီဆရာဦးစောနောင်စိုးက သင်တန်းကာလ(၁၅)ရက်ကြာ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်