ဝတ်မှုန်ဦး ရသဝတ္ထုတိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျင်းပ

ဒဂုံတောင်  သြဂုတ်  ၁၀

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စာရေးဆရာအသင်းနှင့် ညီမင်းအိမ်စာပေတို့ပူးပေါင်းဆောင်ရွက်သည့် ဆရာနေစိုးသော်စာပေ ရွှေရတုအထိမ်းအမှတ် ဝတ်မှုန်ဦး ရသဝတ္ထုတိုပြိုင်ပွဲ ဆုပေးပွဲနှင့်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၄) ရပ်ကွက်ပုဂံလမ်းရှိ သာသနာ့ဓဇဓမ္မာရုံတွင် ကျင်းပပြုလုပ် ကြောင်းသိရသည်။

အခမ်းအနားတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က အဖွင့်မုဒိတာစကားပြောကြား၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ  စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ နေစိုးသော်က ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာ သက်ဝေမောင်က ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ပြောကြား​၍ ​ ရသဝတ္ထုတိုပြိုင်ပွဲ ဆုရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် စာရေးဆရာဆောင်းဝင်းလတ်က ဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ပြောကြားပြီး ပြိုင်ပွဲဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှ ကူညီပံပိုးခဲ့ကြသူများကို ဂုဏ်ပြုလွှာများ ပေးအပ်သည်။

ယင်းနောက် ကျောင်းပေါင်းစုံအခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိ‌ကြသော အလယ်တန်းအဆင့် ကျောင်းသားနှင့် စာဖတ်ခြင်းအကျိုး စာစီစာကုံးတွင် ဆုရရှိကြသော မထက်ထက်စိန် (G -8 ထ/ခွဲ လ - ၃) ပထမ၊ မယွန်းနဒီလှိုင်(G-9 ထ/ခွဲ လ-၃ ) ဒုတိယ၊ မချစ်စန္ဒီသင်း ( G-7 ထ-၅) တတိယ၊ မအိအိခင် (G-9 လ/ခွဲ မ-၂၅)နှင့် မောင်ဇွဲမာန်ထက် ( G-8 ထ -၆) တို့နှင့် အထက်တန်းအဆင့် ဘဝအောင်မြင်မှုအတွက်စာဖတ်ခြင်း စာစီစာကုံးတွင် ဆုရရှိကြသော မမေဝဿန်လင်း ( G - 10 ထ/ခွဲ လ - ၈) ပထမ၊ မစုစုနိုင် ( G-11 ထ-၂)  ဒုတိယ၊ မမေလင်းကိုကို ( G-10  ထ-၄) တတိယနှင့် အထူးဆုများအဖြစ် မဟန်နီထွန်း ( G /10 ထ - ၁) ၊ မဝေဝေချို (G - 11 ထ/ ခွဲ လ - ၇) ၊ မညွန်းပိုင် ( G - 12 ထ/ ခွဲ လ - ၈)တို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ကြသည်။

ထို့နောက် ဆရာနေစိုးသော် စာပေရွှေရတု အထိမ်းအမှတ် ဝတ္ထုတိုပြိုင်ပွဲ ( အမှတ်စဥ် - ၁) တွင် ဆန်ကာတင်စာရင်းဝင်သူများအား ပြိုင်ပွဲအမှတ်တရလက်ဆောင်များ ပေးအပ်၍ အထူးဆုရရှိသူများ ဖြစ်သော ဆန်ရေတစ်ပေါက် သောက်ခွင့်ရစေချင်ဖြင့် ပန်းမြမွှေး၊ အိမ်ဝေးဖြင့် ရည်လွင်၊ ဆံနွယ်အချ မမြိုင်လေပြီဖြင့် အသင်ခရာ၊ ကျွန်ဖြင့် ကိုကေအီး(နိဗ္ဗာန်)၊ သမ္မတကြီးဖြစ်ချင်တယ်ဖြင့် လှမြင့်အောင် (တောင်ကုတ်)၊ ကန်အောင်သံ လေလားဖြင့် ဘကြီးထွန်း(စာပန်းအိမ်)တို့နှင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများဖြစ်သော တတိယ မောင်နေခြည်(ပြည်) အမှောင်မိုက်မှာ ပျော်မွေ့ချင်သူ၊ ဒုတိယ ဆောင်းလုလင် မေတ္တာသဘော ချစ်ပါသလော ပြောပြပါ အခါခါမေးချင်သည်၊ ပထမဆု မင်းအဂ္ဂ (ဆင်တဲဝ)တို့အား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြကာ ပထမဆုရ စာရေးဆရာမင်းအဂ္ဂ(ဆင်တဲဝ)က ကျေးဇူးတင်စကားပြောကြားပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

နေမျိုးအောင်