မြောက်ဥက္ကလာပ ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
ဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်မာလွင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းက မိခင်နှင့်ကလေးငယ်များအား အသက်အရွယ်အလိုက် အာဟာရဖြည့်စွက်စာများ စားသုံးစေရေး၊ မွေးစမှအသက် ၆လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးပေးရန်လိုအပ်ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငါးနှစ်အောက်ကလေးသေဆုံးမှု၏ ထက်၀က်ကျော်သည် အာဟာရချို့တဲ့မှုနှင့်ဆက်နွယ်ပါကြောင်း၊ သန္ဓသားဘ၀မှသည် အသက်နှစ်နှစ်မပြည့်မီကာလအတွင်း အာဟာရစောင့်ရှောက်ခြင်းသည် ဘ၀တစ်လျှောက်လုံးအတွက် အရေးအကြီးဆုံးလုပ်ဆောင်ချက်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်များကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ထက်မြက်စေရန် မိသားစုတိုင်းအသက်အရွယ်မရွေး အိုင်အိုဒင်းဆားကို နေ့စဉ်စားသုံးဖို့လိုအပ်ပါကြောင်း၊ အိုင်အိုဒင်းအာဟာရနှင့်ကျန်းမာရေးစသည့် အသိပညာဗဟုသုတများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်လာကြသော ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များအား ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အာဟာရဖြည့်စွက်စာများအား ထောက်ပံ့ပေးအပ်ရာ တာ၀န်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)