တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

တာမွေ ဩဂုတ် ၁၀

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှပေးအပ်သော တတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တတိယအကြိမ် ထောက်ပံ့ငွေများအား ယာယီနေရပ်စွန့်ခွာ၍ တာမွေမြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများလက်ဝယ်အရောက်ပေးအပ်ရာတွင် တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မြို့နယ်အတွင်းရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများထံ တစ်ဦးလျှင်တစ်လ ထောက်ပံ့ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် ၂၀၂၅-ခုနှစ် ဧပြီလ၊ မေလနှင့် ဇွန်လ သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းအား နေရပ်စွန့်ခွာပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် ပြည်သူများ စုစုပေါင်းလူဦးရေ (၁၉၄၈)ဦးရှိ၍ ယနေ့ ဩဂုတ်လ(၉)ရက်နေ့တွင် ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် ပြည်သူများ စုစုပေါင်း လူဦးရေ (၁၆၈၆)ဦးကို လက်ဝယ်အရောက် တတိယအကြိမ် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့်ထောက်ပံ့ငွေ ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သည့် ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ထုတ်ယူနိုင်ကြောင်း သတင်း ရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)