ဆိပ်ကြီးခနောင်တို သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်မှုမရှိစေရေး ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့ ဒု-ရဲမှူးဇော်မိုး ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းရောင်းချနေသည့် ဆိုင်များသို့ကွင်းဆင်း၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချသူများအနေဖြင့် သတ်မှတ်အမြတ်ရာခိုင်နှုန်းထက် စျေးနှုန်းမြင့်တက်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိဘဲကြာရှည်စွာ သိုလှောင်ထားခြင်း၊ ရှားပါးအောင်ထား၍ စျေးနှုန်းမြင့်တက်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များသို့ ယခုလို ကွင်းဆင်းစစ်ဆေးခြင်းကို သတ်မှတ်ရက်များအလိုက် မြို့နယ်တာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဝေယံ(ပြန်/ဆက်)