ကျိုင်းတုံ ဩဂုတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက အမှာစကားပြောကြားပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးများနှင့်ဝန်ထမ်းများက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)