မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မန္တလေးမြို့ပေါ်  (၇) မြို့နယ်ရှိ ကျောင်းတိုက် များ၌ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၄၅၇၃၈) ပါးတို့ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မန္တလေး   ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ မန္တလေးမြို့ပေါ် (၇) မြို့နယ်ရှိ ကျောင်းတိုက်များ၌ ဝါဆို ဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၄၅၇၃၈)ပါးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ကုလားပဲ လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊နန်းတော်ရှေ့ရှိ မဟာအတု လဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက၊ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဌာဘိဝံသ အမှူးပြုသောသံဃာတော် ၄၅ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ကျောင်းအုပ်ကြီးများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ကြသည်။

ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၏ ပါမောက္ခချုပ်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဒါန်းရခြင်းအကြောင်းရင်းနှင့်စပ်လျဉ်း၍ သာသနာရေး ဆိုင်ရာများ လျှောက်ထားရာတွင် ဝါတွင်းကာလ ဝါဆိုဝါကပ် ‌သီတင်းသုံးတော်မူ ကြသည့် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းကိစ္စအဆင်ပြေစေရန် ရည်ရွယ်၍ ဆွမ်းဆန်တော် ပစ္စယာနုဂ္ဂဟအဖြစ် လှူဒါန်းရခြင်းအကြောင်း၊ ဆရာတော်များ ပရိယတ္တိ၊ ပဋိပတ္တိများကို စိတ်ချမ်းမြေ့စွာအားထုတ်သင်ကြားနိုင်ရန်၊ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရန် သာသနာ့ကိစ္စအဝဝကို လစ်ဟင်းမှုမရှိ အောင် ဆရာဒကာလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားမည့်အကြောင်း စသည်ဖြင့် သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက် သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဇနီးက ဝါဆိုသင်္ကန်း၊ နဝကမ္မဝတ္ထုငွေများ နှင့်ဆွမ်းဆန်တော်၊ ဆား၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ လှူဖွယ် ပစ္စည်းများ ကိုလည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်ထံသို့ တိုင်းမှူး၏ဇနီးက ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆား၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းများကို လည်းကောင်းဆက်ကပ်လှူဒါန်းကြပြီးနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော်ထံက အနုမောဒနာ တရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းပြီး နေ့ဆွမ်းများဆက် ကပ်ခဲ့သည်။

ယနေ့ပြုလုပ်သောလှူဒါန်းမှု၌ မန္တလေးမြို့ပေါ် ၇ မြို့နယ် ဖြစ်သော အောင်မြေသာစံ၊ ချမ်းအေးသာစံ၊မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရတို့တွင် ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ (၄၀၄၀၅)ပါး၊ သီလရှင် ဆရာကြီး၊ ဆရာလေး (၅၃၃၃)ပါး၊ စုစုပေါင်း(၄၅၇၃၈)ပါးတို့အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွမ်းဆန်တော် (၅၇၁၇.၂၅ )အိတ်၊ ဆီ(၁၁၄၃၄.၅)ပိဿာ၊ ဆား(၅၀၀)ပိဿာ၊ ကြက်သွန်နီ (၁၁၄၃၄.၅)ပိဿာ၊ ကုလားပဲ(၁၁၄၃၄.၅) ပိဿာ(စုစုပေါင်းတန်ဖိုး ကျပ် ၈၈၀၀ သိန်းကျော်) တို့ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။   

မြင့်မော်ထွန်း(ပြန်/ဆက်)