မချမ်းဘော သြဂုတ် ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် စကားပြောစွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်နီနီလွင်က “စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဗလငါးတန်ဖွံဖြိုးဖို့ စာဖတ်ကြပါစို့”ခေါင်းစဥ်ဖြင့် ဟောပြောပြီးနောက် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ Grade-8 ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့က “ကျွန်သာခေါင်းဆောင်ဖြစ်လျှင်၊ ကျွန်တော်သာကျောင်းအုပ်ဆရာကြီးတစ်ယောက်ဖြစ်လျှင်၊ အနာဂတ်ရည်မှန်းချက်၊ ကျွန်တော်သာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူတစ်ယောက်ဖြစ်လျှင်”စသည့်ခေါင်းစဥ်များဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲနှင့် ပြိုင်ပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ ၅၈ဦးတို့က ခင်းကျင်းပြသထားသော လျှပ်စစ်ဓာတ်အားသုံးစွဲရေး အသိပညာပေးနံရံကပ်စာစောင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)