မိုင်းရှူးမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် စာအုပ် စာစောင်ပြပွဲ ဆောင်ရွက်

မိုင်းရှူး သြဂုတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်း ဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်လေးလေးယုက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် Grade-11မှ မောင်ရဲရင့်ရှိန်က လူငယ်နှင့်စည်းကမ်း၊ Grade-11မှ မအင်ကြင်းဇော်က လူငယ်နှင့်ပညာရေး၊ Grade-11မှ မောင်ကျဟောရှေက လူငယ်နှင့်စာရိတ္တ၊ Grade-11မှ မယွန်းမြင့်ဝတီအောင်က လူငယ်နှင့်ဘာသာရေး၊ Grade-10မှ မောင်ဉာဏ်သူရဇင်က လူငယ်နှင့်အားကစား စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားပြီး ဆွေးနွေးပွဲ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကျန်းမာရေး အသိပညာပေး၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပုံရိပ်များ၊ မူးယစ်ဆေးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ပလတ်စတစ်အန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အသိပညာပေး ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များ၊ စာအုပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)