တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုကြောင့် ပုန်းထွန်ရပ်ကွက်အတွင်း တင်ကျန်ရစ်သော ရွှံ့နွံများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တာချီလိတ် ဩဂုတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ရေများတဖြည်းဖြည်း ပြန်လည်ကျဆင်းသွားချိန် ပုန်းထွန်ရပ်ကွက်အတွင်း တင်ကျန်ရစ်သော အမှိုက်သရိုက်၊ ရွှံ့နွံများကို ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေများတဖြည်းဖြည်း ပြန်လည်ကျဆင်းပြီးနောက် ဗိုလ်ချုပ်လမ်းမကြီးများနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း တင်ကျန်ရစ်သော အမှိုက်သရိုက်များ၊ ရွှံ့နွံ့များကို တာဝန်ရှိသူများက ဦးစားပေးအဆင့်အလိုက် ရှင်းလင်းရေးနှင့်ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ပုန်းထွန်ရပ်ကွက်အတွင်း ကျန်ရှိ နေသည့် အမှိုက်သရိုက်များ၊ ဒိုက်ဖက်များ၊ ရွှံ့နုံးသဲများကို စက်ယန္တရားများဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်၍ စုပေါင်းရှင်းလင်းခြင်းများ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်ဝေသုံ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း