မင်္ဂလာဒုံ ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးခြင်းကို မင်္ဂလာဒုံစက်မှုဇုန်၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးခြင်းကို မင်္ဂလာဒုံစက်မှုဇုန်ရှိ Wedtex ဇာပန်းထိုးစက်ရုံ၊ Linda Fashion ဇာပန်းထိုးစက်ရုံ၊ Saintly Group (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံနှင့် Myanmar DYC ရှူးဖိနပ်စက်ရုံတို့၌ ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်ဖြိုးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးမြတ်ထွဋ်ဦးက အလုပ်သမားဥပဒေပါရပိုင်ခွင့်များကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မင်းသိန်းထွန်း