သင်္ဃန်းကျွန်းခရိုင်တွင် အခြေခံပညာအထက်တန်းအဆင့် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲကျင်းပ

တောင်ဥက္ကလာပ ဩဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ)တွင် အခြေခံပညာအထက်တန်းအဆင့် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ တာမွေမြို့နယ်(၄)မြို့နယ်မှ အဖွဲ့(၂)ဖွဲ့စီ စုစုပေါင်း(၈) ဖွဲ့မှ အာဟာရအုပ်စု သုံးအုပ်စုပါသော အစားအသောက်များကို ပြင်ဆင်ချက်ပြုတ်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့သို့ ယှဥ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးနှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းခရိုင်ပညာရေးမှုး ဒေါ်စုစုခင်နှင့် မြို့နယ်ပညာရေးမှုးများ၊ ခေတ္တအရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး Dr ယုနန္ဒာအောင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုးများ၊ ခရိုင်ကြက်ခြေနီအဖွဲ့ဝင်များမှ အကဲဖြတ်ဒိုင်များဖြင့် အမှတ်ပေးစည်းမျဉ်းများနှင့်အညီ အမှတ်ပေးကာ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ကြပါသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်း သုဝဏ္ဏ (စက်မှု/စိုက်/မွေး) အဖွဲ့မှ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်မင်းဟန် (ပြန်/ဆက်)