မောက်မယ် သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန် စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း” ကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စျေးတန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက်“လူငယ်စကားဝိုင်း” စတင်ကျင်းပခဲ့သည်။
“လူငယ်စကားဝိုင်း”တွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ကျောင်းသား/ကျောင်းသူများ(၅)ဦးတို့က ဆောင်ရွက်ကာ နန်းအွမ်ငင်းက စာရိတ္တဗလခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းကိန်ခမ်းက မိတ္တဗလခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစုနန္ဒာက ကာယဗလခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းယမင်းသူက ဉာဏဗလခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဟိန်းမင်းမြတ်က ဘောဂဗလစသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍ဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများ ကျောင်းသား/ ကျောင်းသူများ(၅)ဦးတို့က ကဏ္ဍအလိုက်ပြန်လည်ဖြေကြားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)