တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာနှစ်ရွာတွင် စာကြည့်တိုက်အဆောက်အဦအသစ်ဖွင့်ပွဲ ကျင်းပ

တပ်ကုန်း ဩဂုတ် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ “ရောင်ခြည်ဦး” စာကြည့်တိုက်၊ ရှောက်ကုန်းကျေးရွာ “မျိုးဆက်သစ်” စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပသည်။

ဦးစွာ မကျီးပင်ကျေးရွာ “ရောင်ခြည်ဦး” စာကြည့်တိုက်၊ ရှောက်ကုန်းကျေးရွာ “မျိုးဆက်သစ်” စာကြည့်တိုက်အဆောက်အဦသစ်တို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာခင်မောင်ထွန်းနှင့် ဦးဗန်လာလ်တလွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်အထွေထွေအုအ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ စာကြည့်တိုက်မှူးများနှင့် သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများအား စာကြည့်တိုက်ဆိုင်ရာအချက်အလက်များ ပေးအပ်ကာ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် စာကြည့်တိုက်များအတွင်း ကျောင်းသားလူငယ်လူရွယ်များ၊ ဒေသခံပြည်သူများ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် စာကြည့်တိုက်အဆောက်အဦများ၊ စာအုပ်စာစောင်များ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စာဖတ်ပရိသတ်များ တိုးပွားရေး၊ စာအုပ်စာစောင်များ အသစ်တိုးပွားရရှိရေး နည်းလမ်းများ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်