ကျောက်ပန်းတောင်းမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ကျောက်ပန်းတောင်း ဩဂုတ်    ၇

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် တိုင်းရင်းဆေးကုဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်၇ရက် နံနက်၉နာရီက တမ္ပဝတီရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူလေးများအား မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယလက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သက်သက်ဖြိုးက မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများ အကြောင်းနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးရန်မသင့်သော အစားအစာများအကြောင်းကိုလည်းကောင်း ရှင်းလင်းဟောပြောကြသည်။ ယင်းနောက် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယလက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်သက်သက်ဖြိုး နှင့်အဖွဲ့က ကျောင်းသား/ကျောင်းသူလေးများအား မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့်အဖွဲ့က ကျောင်းမုန့်ဈေးဆိုင်များတွင် စားသုံးရန်မသင့်သော အစားအစာများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)