ငါန်းဇွန် ဩဂုတ် ၆
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၁၅/၁၅၄၈)၊ ဦးပိုင် အမှတ်(၁၈၁)၊ တောင်သူ ဦးကြည်တင်၏ မိုးစပါး မစိုက်ပျိုးမီ လယ်မြေ(၅)ဧကတွင် ယနေ့နံနက် ၉ နာရီက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုး ထယ်ထိုး မြေမြုပ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက သစ်စိမ်းမြေဩဇာစိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များ၊ ပိုက်ဆံလျှော်အား သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများဖြစ်သော မိုးရေနှင့်အတူ အပေါ်ယံမြေလွှာတိုက်စားပြီး အဟာရဓာတ် ဆုံးရှုံးခြင်းမှ ကာကွယ်ခြင်း၊ ပေါင်းပင်ပေါက်ရောက်မှုကို နည်းပါးစေခြင်း၊ အပင်သက်တမ်းအလိုက် ထယ်ထိုးမြေမြှပ်ခြင်းမှ ရရှိလာမည့် အဟာရဓာတ်များကြောင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများ တိုးတက်လာခြင်း၊ သစ်ဆွေးဓာတ်များရရှိခြင်း၊ မြေဆီလွှာအတွင်း အကျိုးပြု သက်ရှိများ ပွားများစေနိုင်ခြင်းနှင့် လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးသည့်အတွက် မြေဆီလွှာအတွင်း နိုင်ထရိုဂျင်ဓာတ် ဖြည်းတင်းပေးနိုင်ခြင်းနှင့် စိုက်ပျိုးရလွယ်ကူပြီး ကြီးမြန်အပင်ဖြစ်သည့် အတွက် တောင်သူများကျယ်ပြန့်စွာ စိုက်ပျိုးစေခြင်းဖြင့် မိမိတို့၏ စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ တိုးတက်အောင်မြင်လာမည်ဖြစ်ကြောင်း စသည့် အကျိုးကျေးဇူးများကို အခမ်းအနားသို့ တက်ရောက်လာသူများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က စတင်စိုက်ပျိုးထားခဲ့သော သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)စိုက်ခင်းအား ထယ်ထိုးမြေမြှုပ်ခြင်း ကွင်းသရုပ်ပြဆောင်ရွက်ရာ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း(မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း(၄၅)ဦး တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)