နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အရာထမ်းငယ် သင်တန်းအမှတ်စဉ် (၁၃၄) သင်တန်းဖွင့်ပွဲအခမ်း အနားကျင်းပ

ရန်ကုန် ဩဂုတ်

အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၁၃၄) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၄ ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ကြီးဌာများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်မိန့်ခွန်း ပြောကြားတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား အမျိုးသားရေးအမြင် ရရှိရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊ သက်ဆိုင်ရာ ပညာရပ် များကို အခြေခံအားဖြင့် နားလည်သဘောပေါက်စေပြီး စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို စောင့်သိထိန်းသိမ်းတတ်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတက်ရောက်ရသည့် အခွင့်အရေးကို အလေးအနက်တန်ဖိုးထားပြီး တာဝန်ကျေပွန်စွာဖြင့် စိတ်ရောကိုယ်ပါ ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်းမိမိတို့ တက်ရောက်ရသည့် သင်တန်း၏ ရည်ရွယ်ချက်များ ပြည့်ဝစွာ အကာင်အထည်ဖော်နိုင်ရေးအတွက် ဘာသာရပ်များကို ကြိုးစားသင်ယူလေ့ကျင့်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က ချမှတ်ထားသည့် သင်တန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပြီး သင်တန်းကာလအတွင်း မိမိတို့ဝန်ကြီးဌာန၏ ဂုဏ်ကို ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း၊ နိုင်ငံတာ်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ကာ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာသယ်ပိုးထမ်းရွက်နိုင်မည့် အနာဂတ်နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်ကိုတာဝန်ယူတဲ့ အစိုးရအဖွဲ့သည် မည်သည့်အစိုးရအဖွဲ့ပင်ဖြစ်စေ မိမိတို့ကိုယ်တိုင် အလုပ်လုပ်မှ အကျိုးခံစားခွင့်နှင့် တိုးတက်မှုများကို ခံစားရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဘဝကို ချစ်ခင်မြတ်နိုးတန်ဖိုးထားဂုဏ်ယူတတ်စေရန်နှင့် မိမိတို့တာဝန်ယူရသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးကိုရှေးရှု၍ ပြည်သူကို အလုပ်အကျွေးပြုရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို လိုက်နာပြီး ပါတီနိုင်ငံရေးကင်းရှင်းအောင် ပြုမူနေထိုင်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၃၄)သို့ ဝန်ကြီးဌာများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၁၁၉) ဦး၊ သင်တန်းသူ(၁၅၂)ဦး၊ စုစုပေါင်း(၂၇၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၄-၈-၂၀၂၅ ရက်နေ့မှ ၁၅-၁၀-၂၀၂၅ ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အောင်မြင့် (ပြန်/ဆက်)