ကော့ကရိတ်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး သ‌ဘောတရားအသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကော့ကရိတ် ဩဂုတ် ၆

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး သ‌ဘောတရား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဦးဆန်းဝင်းက လိမ်လည်မှု၏ ဥပဒေပြစ်မှုပြစ်ဒဏ်ဆိုင်ရာ သိမှတ်ဖွယ်ဥပဒေ အကြောင်းအရာများကို ရှင်းလင်းပြော ကြားခဲ့သည်။ ဆက်လက်၍ ကော့ကရိတ်မြို့မစခန်းမှူး သိန်းထွန်းလှအောင်က ပြစ်မှုဆိုင်ရာလိမ်လည်ခြင်း ၅ ချက်၏ ဖြစ်စဉ်အကြောင်းအရာများကို လည်းကောင်း၊ အမှတ်(၇၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူးကျော်လင်းဦးက ယာဉ်စည်းကမ်း လမ်းစည်း ကမ်းထိန်းသိမ်းခြင်းဆိုင်ရာဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ အမှတ်(၃)မူးယစ်တပ်ဖွဲ့စု မြဝတီမြို့ ရဲအုပ်ဇော်မင်းထွေးက စိတ်ကိုရူးသွပ်စေသော မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ ဗဟုသုတများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက မသမာအွန်လိုင်း လိမ်လည်မှုများမဖြစ်ပေါ်စေ‌ရေးအတွက် စာပေအသိဗဟုသုတများကြွယ်ဝဖို့လိုပါကြောင်း၊ အယုံလွယ်မှု ကင်းရှင်းစေရေးအတွက် စဉ်းစားဆင်ခြင်တတ်ဖို့လိုပါကြောင်း၊ ခေတ်နှင့်အညီ နည်းပညာတိုးတက်မှုများကိုလည်း လေ့လာထား သင့်ပါကြောင်း၊ မသင်္ကာစရာအကြောင်းအရာများ ဖြစ်ပေါ်လာပါက တတ်သိနားလည်သူများအား မေးမြန်းတိုင်ပင် သင့်ပါကြောင်း ပါဝင်ဆွေးနွေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာကြသူများအား ဆက်သွယ်‌ရေး လိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေး VIDEO  ၂ ပုဒ်ကို ပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)