ကျောက်တလုံးကြီး ဩဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း ကျောက်တလုံးကြီးမြို့တွင် ယနေ့မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.က ကျောက်တလုံးကြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်က ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး Grate 7 နှင့် Grate 8 ကျောင်းသား/သူများက အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံးအဖြေလွှာများကို စစ်ဆေး၍ ဆုချီးမြှင့်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အ.ထ.က ကျောက်တလုံးကြီးတွင် တက်ရောက်ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ထူးချွန်ထက်မြက်၍ အသိပညာဗဟုသုတရရှိစေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီးထံက သိရသည်။
ဇော်နိုင်လင်း