ပင်လုံ သြဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကျောင်းသားလူငယ်လေးများအား ဗလငါးတန် ဖွံဖြိုးတိုးတက်စေရန်၊ လူငယ်များနှင့်သက်ဆိုင်သည့် အသိပညာအတတ်ပညာများအကြောင်း၊ အထွေထွေဗဟုသုတများအကြောင်း၊ စာအုပ်စာပေများဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးအကြောင်းအရာများ ဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းသားလူငယ်များအား အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို အသိပညာပေးနံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ ကျောင်းသားလူငယ်များ (၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)