ပင်လုံ သြဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ကျောင်းသား/ကျောင်းသူလေးများအား ဗလငါးတန်ဖွံဖြိုးတိုးစေရန်၊ နေ့ထူးနေ့မြတ်များကိုသိရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝ၍ ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများဖြစ်စေရန်၊ စာပေအသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိပြီး စာဖတ်စွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ဖတ်ကြား၍ ပြိုင်ပွဲစတင်ခဲ့ကြောင်း သိရသည်။ ၎င်းအပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဉ်(၃)မျိုးပေးထားရာ ကျောင်းသား/ကျောင်းသူလေးများက မိမိကြိုက်နှစ်သက်ရာခေါင်းစဥ်များဖြင့် ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ ပင်လုံမြို့ပေါ်ရှိ အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၁)ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)