ကျောက်ဆည် ဩဂုတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးများစိုက်ပျိုးရာတွင် နေရာဒေသအလိုက် ရေသောက်နည်းလမ်းများဖြင့် ပျိုးစိုက်နှင့် အစေ့ချစိုက်နည်းများဖြင့် စိုက်ပျိုးလျက်ရှိရာ (၁၉၆၅၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ထိုသို့ မိုးစပါးများစိုက်ပျိုးရာ၌ ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် ပျိုးစိုက်(၃၂၈၅)ဧက၊ အစေ့ချစိုက် (၁၀၂၄၂)ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် ပျိုးစိုက် (၇၇၉)ဧက၊ အစေ့ချစိုက်(၅၀၆၉)ဧက၊ သစ်တက္ကုန်း ဆည်ရေသောက်စနစ်ဖြင့် အစေ့ချစိုက်(၁၁၂)ဧက၊ မိုးကောင်းသောက်(မိုးရေ)စနစ်ဖြင့် အစေ့ချ(၁၆၃)ဧက စုစုပေါင်း(၁၉၆၅၀)ဧက စိုက်ပျိုးပြီးကြောင်းနှင့် စပါးမျိုးကွဲများအနေဖြင့် ဧရာမင်း (၁၉၄၈၇)ဧက၊မနောသုခ (၁၆၃)ဧကဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့အနေဖြင့် ဒေသအတွင်း ဆန်၊ စပါးဖူလုံပိုလျှံရေး တောင်သူများနှင့်ပူးပေါင်း၍ ဧရာမင်း(၄၈၂၉၃)ဧက၊ မနောသုခ (၂၅၂၄)ဧက၊ ရွှေမနော်(၁၅၀၀)ဧက၊ အောင်နိုင်တိုး(၂၀၀)ဧက၊ GW-11(၃၀၀)ဧက စုစုပေါင်း(၅၂၈၁၇)ဧက လျာထားစိုက်လျက်ရှိကြောင်းနှင့် စပါးသီးနှံများအောင်မြင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာဦးစီးဌာနများမှ ဒေသအလိုက် ရေမြေနှင့် ကိုက်ညီသည့်မျိုးများဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များနှင့်အပင်ပြုစုခြင်း အသိပညာပေး ဖြန့်ဝေပေးလျက်ရှိပြီး စိုက်ပျိုးရေများလည်း လုံလောက်စွာ ပေးဝေလျက်ရှိကြောင်းသိရသည်။
သက်မောင် (ကျောက်ဆည်)