ကလော ဩဂုတ် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီခွဲက အောင်ပန်းမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင်ကျောင်း အုပ်ဆရာမကြီး ဒေါ်နန်းအေးအေးသန်းက အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက လူငယ်များ အသိပညာဗဟုသုတများ တိုးပွားရရှိနိုင်စေရန်နှင့် အသိပညာများ မျှဝေပေးနိုင်စေရန်၊ လူငယ်များ စကားပြောအတက်ပညာ ကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတက်စေရန်နှင့် လူငယ်အချင်းချင်းတစ်ဦးနှင့်တစ်ဦး အသိပညာများ ဆွေးနွေးတိုင်ပင်ရာမှ အတွေ့အကြုံကောင်းများစွာ ရရှိနိုင်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည်ဖြို့ကြွယ်က ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး အဆိုပါကျောင်းမှ Grade 10 ကျောင်းသူ မနန်းခမ်းဦးက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-10 ကျောင်းသူ မဇွန်သော်သော်ဟန်က လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်နန္ဒဝေယံက လူငယ်နှင့်စာရိတ္တ၊ Grade-11 ကျောင်းသား မောင်မင်းခန့်ဇင်က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့သည့် အကြောင်းအရာများ အပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းရာ ဒုတိယဦးစီးမှူးနှင့် ပါဝင်ဆွေးနွေးသူများက အသီးသီးပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးစသည့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများတို့က စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)