မြိတ် ဩဂုတ် ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)၊ အကောင်းဆုံးမွေးမြူရေးကျင့်စဉ်(BAP)သင်တန်းနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့က မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတငက သင်တန်းဖွင့်လှစ်ရခြင်း၏ အကျိုးကျေးဇူးအား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းဆရာ ဦးတင့်ဝေက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ခဲ့သည်။
အဆိုပါ သင်တန်းကို ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် အအေးခန်းစက်ရုံ၊ အလုပ်ရုံနှင့် ငါး/ပုစွန်/ဂဏန်း မွေးမြူရေးလုပ်ကိုင်နေကြသည့် ကုမ္ပဏီများ၊ မြိတ်တက္ကသိုလ်အဏ္ဏဝါ သိပ္ပံဌာနမှ ဆရာ/မနှင့် ကျောင်းသား/သူများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား/သူ (၁၆၄)ဦး တက်ရောက်ကြပြီး ဩဂုတ် (၅) ရက်မှ (၈) ရက်နေ့ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ ပညာရှင်များက ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)၊ အကောင်းဆုံး မွေးမြူရေးကျင့်စဉ် (BAP)သင်တန်းနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)