ဟားခါး သြဂုတ် ၅
ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းတက်ရောက်မည့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးအပ်သော လုပ်ငန်းတာဝန်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များ၊ အခြားဝန်ကြီးဌာနများမှလွှဲအပ်သည့် လုပ်ငန်းတာဝန်အပြင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ရုံးလုပ်ငန်းများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တာဝန်ယူဆောင်ရွက်သည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကိုအခြေခံပြီး ထိရောက်စွမ်းရည် ထက်မြက်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင် ရည် အစဉ်မြင့်မားနေစေရန်နှင့်လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ထမ်းများ ဆောင်ရန်၊ ရှောင်ရန် စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေ၊ နည်းဥပဒေများကိုလည်း တိကျစွာ လိုက်နာရန်လိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ်မည့်သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအနေဖြင့် မဖြစ်မနေ သိရထားသင့်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့် ညွှန်ကြားချက်များကို သင်ကြားပို့ချမည်ဖြစ်ပြီး ထပ်မံ၍လည်း သင်တန်းများလည်း ဆက်လက် ဖွင့်လှစ်သွားမည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်၍ သင်တန်းများတွင် တက်ရောက်နေကြသည့် သင်တန်း သား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချလိုက်သည့် ပို့ချချက်များကို အကောင်းဆုံး သင်ယူ၊ မှတ်သား၊ လိုက်နာ၊ ကျင့်သုံးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေကသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား အားပေးစကား ပြောကြားကာ ခင်းကျင်းပြသထားသည့် ဝန်ထမ်းရေးရာ/ငွေစာရင်းမှ ကျင့်သုံးသည့်ဥပဒေများ၊ အုပ်ချုပ်/ထောက်ပံ့မှကျင့်သုံးသည့် ဥပဒေများနှင့် စီမံ/မူဝါဒ ဥပဒေမှကျင့်သုံးသည့် ဥပဒေများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ၂ နာရီတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၂ / ၂၀၂၅ )သို့ တက်ရောက်ပြီး ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် စီမံကိန်းအတွက် အချက်အလက်များ ပြည့်ပြည့်စုံစုံ ရရှိနိုင်ရေးနှင့် အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းများရေးဆွဲရာတွင် အမှန်တကယ်ဆောင်ရွက်နိုင်မည့် စီမံကိန်းများကိုသာ လျာထားရန်လိုကြောင်း၊ နိုင်ငံတော်မှ ခွဲဝေပေးသည့် ဘဏ္ဍာရန်ပုံငွေများဖြစ်သည့်အတွက် အကျိုးခံစားမည့် ပြည်သူများ၏ စီမံကိန်းများအပေါ် တာဝန်ယူ၊ တာဝန်ခံမှုနှင့် ပူးပေါင်းပါဝင်မှုရှိမှုများကို ထည့်သွင်းစဉ်းစားလိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဦးက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)