မိုးကောင်း ဇူလိုင် ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ သဘာဝဘေးအန္တရာယ် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို မိုးကောင်းနန့်ယင်းချောင်း We Love Mogaung View Point ကမ်းစပ်၌ ယနေ့နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့သည့်အခါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ လက်တွေ့ကျွမ်းကျင်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။
ရေဘေးရှာဖွေကယ်ဆယ်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်အဖွင့်အမှာစကားပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်တပ်ဖွဲ့ဝင်(၂၀)ဦး၊ ရင်ငြိမ်းပန်းပရဟိတအဖွဲ့ဝင်(၂၀)ဦးနှင့် ကြက်ခြေနီ (၁၂) ဦးတို့က လှေတိမ်းမှောက်မှုဖြစ်စဉ်တွင် ရေစီးမျောပါနေသောလူများကို ရှာဖွေ ကယ်ဆယ်ခြင်း၊ ရေချောင်းထဲ မျောပါလာသူများမား အဝေးထိန်းစနစ်သုံး Water Resuce Robot ဖြင့် ကယ်ဆယ်ခြင်း၊ မီးလောင်နေသောစက်လှေအား မီးငြိမ်းသတ်အဖွဲ့မှ ရေပေါ်မီးသတ်စက်ဖြင့် မီးငြိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက မီးလောင်ပျက်စီးစက်လှေမှ ခုန်ချသူ များအား ကယ်ဆယ်ခြင်းနှင့် ကြက်ခြေနီများက ရှေးဦးပြုစုခြင်းများဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပြည်သူများတက်ရောက်ပြီး ခင်းကျင်းပြသထားသည့် ကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး