တံတား ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသည့် အသက်အရွယ်ထက် ငယ်ရွယ်နေခြင်း၊ ဥပဒေပါကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ အဓိပ္ပါယ်ဖော်ပြချက်များ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်အချက်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တံတားမြို့ရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ (ပြန်/ဆက်)