မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တောင်သူပညာပေး မိုးစပါးစံပြကွက်ဧက (၁၀၀) စိုက်ကွင်းအား ကြည့်ရှုခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ

ကျောက်ဆည် ဩဂုတ် ၄

မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးသည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၌ စပါးစိုက်တောင်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး တောင်သူပညာပေး မိုးစပါးစံပြကွက် ဧက (၁၀၀) စိုက်ကွင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံခဲ့ရာ ခရိုင်စိုက်ပျိုးရေးညှိနှိုင်မှုအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်က ကျောက်ဆည်မြို့နယ်တွင် အဓိက ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားသည့် သီးနှံများအကြောင်းနှင့် ၂၀၂၅-၂၀၂၆ခုနှစ် သီးနှံတစ်မျိုးခြင်းစီအလိုက် လျာထားစိုက်ပျိုးသွားမည့် ကျေးရွာအုပ်စုများနှင့် သီနှံဧကများအကြောင်း ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး  ဝန်ကြီးက ကျောက်ဆည်ဒေသသည် ဆည်၊မြောင်း၊ ချောင်း၊ ကန်ပေါများပြီး ရေ၊ မြေကောင်းသည့်အတွက် စပါးသီးနှံများစိုက်ပျိုးရာ၌ တစ်ဧကကောက်ကွက်ပြည့်မီရေးနှင့် သွင်းအားစုများ ထည့်သွင်းရာနှင့် ပေါင်းမြက်များရှင်းလင်းရာတွင် လိုအပ်ချိန်၌ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနများမှ တောင်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးသွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးသည် မိုးစပါးစံပြကွက် ဧက(၁၀၀)စိုက်ခင်းများနှင့် စက်မှုလယ်ယာ ဦးစီးဌာနမှ ထုတ်လုပ်ထားသည့် လက်ဆွဲမျိုးစေ့ချကိရိယာများအား ကြည့်ရှုခဲ့ကြောင်းနှင့် တောင်သူပညာပေး မိုးစပါးစံကွက် ဧက (၁၀၀) စိုက်ကွင်းသည် အင်တိုင်းကျေးရွာအုပ်စု တောင်သူ (၃၂) ဦး၏ လယ်မြေ ဧက (၁၀၀) တွင် စိုက်ပျိုးထားခြင်းဖြစ်ပြီး စိုက်ပျိုးရာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ပျိုးထောင်စိုက်ပျိုးခြင်းနည်းစနစ်များဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)