လိပ်သို ဩဂုတ် ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရုံသာ မက စဉ်းစားတွေးခေါ်တတ်စေရန်အတွက် စာရေးဆရာကောင်းထက်စံ ရေးသားသော “ ညီ၊ ညီမလေးများသို့ အနာဂတ်ဘဝ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး နော်ဖလောရင်းဟန်က ကျောင်းသား/ကျောင်းသူများ အနေဖြင့် စာပေများကို ဖတ်ရှုရန်အတွက် အလေ့အကျင့်ကောင်းများ ရရှိစေရန်သာမက မိမိတို့ဖတ်ရှုသော စာပေအပေါ် အကြောင်းအကျိုး၊ အကောင်းအဆိုးများကို ဝေဖန်သုံးသပ်ပြီး လက်တွေ့ဘဝမှာ အသုံးချတက်စေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
bvxထို့နောက် ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-8 ကျောင်းသူ နော်အေးအေးနှင်းက “ အောင်မြင်သူတို့အကြောင်း ” ခေါင်းစဉ်အောက်မှ “ ဘဝအောင်မြင်ဖို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတိ တို့နဲ့ရင်းပြီး ကြိုးစားရမှာဖြစ်ကြောင်း၊ ဘဝအတွက် ကြိုးစားတဲ့အချိန်မှာ ပေါင်းသင်းနေရတဲ့ သူငယ်ချင်းတွေဟာ မိတ်ဆွေလား၊ ရန်သူလား ခွဲခြားသိဖို့လိုကြောင်း၊ ဆုံးဖြတ်ချက်တစ်ခုမှားသွားရင် ဘဝတစ်လျှောက်လုံး အမှားတွေနဲ့သာ ရင်ဆိုင်နေရမှာဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ကောင်းထက်စံ ရေးသားသော “ ညီ ညီမလေးများသို့ အနာဂတ်ဘဝ ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် အနာဂတ်မှာ အောင်မြင်ချင်သူတွေအနေနဲ့ ရည်မှန်းချက်ခိုင်ခိုင်မာမာထားပြီး ကြိုးစားရမှာဖြစ်သလို အတုယူမမှားမိစေရန်လည်း လိုအပ်ကြောင်း သိရသည်။
ခင်လေးနွယ်