ဘားအံ ဩဂုတ် ၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဇူလိုင်လနောက်ဆုံးပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများ မြင့်တက်လာသည့်အတွက် သံလွင်မြစ်ရေသည် ဘားအံမြို့၏စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၃၅ စင်တီမီတာအထိမြင့်တက်၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ယခုအခါ သံလွင်မြစ်ရေသည် ၈၃၄ စင်တီတာအောက်သို့ ပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် ရေကြီး နစ်မြုပ်ခဲ့သော ကမ်းနားလမ်းတစ်လျှောက်နှင့်ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ အများပြည်သူဆိုင်ရာနေရာများတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့မိမြို့ဖ၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းသားမိဘနှင့်ဆရာ၊ဆရာမများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ကမ်းနားလမ်း ရှုခင်းသာနှင့် ကမ်းနားလမ်းတစ်လျှောက်၊ အမှတ် (၁၅)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ယာဉ်၊ယန္တရားများအသုံးပြု၍ ရေကြီးရေလျှံမှုဖြစ်ပွားပြီးချိန်၊ ရေများပြန်လည်ကျဆင်းချိန်တွင် တင်ကျန်ရစ်ခဲ့သည့်သဲနုန်းများ ဖယ်ရှားရှင်းလင်း ခြင်း၊ မီးသတ်ပိုက်များဖြင့် ဆေးကြောသန့်စင်ခြင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့် ရေတွင်းရေကန်များစုပ်ထုတ်သန့်စင်ပေးခြင်း၊ ဆေးခပ်ခြင်း၊ ရေမြောင်း များရေစီးရေလာကောင်းမွန် စေရေးဆောင်ရွက်ခြင်း အစရှိသည့်စုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေး ရေကျသည်နှင့်တစ်ပြိုင်နက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ၊ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ကြရန်၊ ထိခိုက်မှုရှိခဲ့သည့် လမ်း/ တံတား အခြေခံအဆောက်အဦများအား လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ရန်၊ ရေကြီးနစ်မြုပ်သည့် မိုးစပါးစိုက်ဧကများကို မြေပြင်ကွင်းဆင်းစိစစ်၍ ပြန်လည်ကုစားနိုင်ရန် လိုအပ်ပါက မျိုးစပါးနှင့်သွင်းအားစုများ ကူညီထောက်ပံ့ပေးနိုင်ရေး စာရင်းပြုစုတင်ပြရန်၊ ပိတ်ထားခဲ့ ရသည့် အခြေခံပညာကျောင်းများ ရေကျသည်နှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)