ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျပျက်စီးသည့် စာသင်ကျောင်းနှင့် လူနေအိမ်များသို့ သွားရောက်ကြည့်ရှု

ပင်လောင်း ဩဂုတ် ၄

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးသည် ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု ထီဝါးလီကျေးရွာနှင့် လွယ်မောင်(အောက်ရွာ)တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်မြေပြိုသဖြင့် စာသင်ကျောင်းနှင့် လူနေအိမ်တစ်ချို့ ပြိုကျပျက်စီးမှုများကို ယမန်နေ့က သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။  

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးသည် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများလိုက်ပါ၍ ထီပေါင်း ကျေးရွာအုပ်စု ထီဝါးလီကျေးရွာသို့ သွားရောက်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပေါ်မြေပြိုကျမှုကြောင့် လုံးဝပျက်စီးသွားသည့် ထီဝါးလီအခြေခံမူလတန်းကျောင်းအား ကြည့်ရှုခဲ့ရာ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျေးရွာပြည်သူများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ယာယီကျောင်းဆောင်ဆောက်လုပ် လိုအပ်သည်ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆက်လက်၍ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ထီပေါင်းကျေးရွာအုပ်စု လွယ်မောင်(အောက်ရွာ)တို့တွင် မိုးသည်း ထန်စွာရွာသွန်းပြီး တောင်ပေါ်မြေပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် လူနေအိမ်များကို သွားရောက်ကြည့်ရှုခဲ့ကာ ကျေးရွာပြည်သူများ အမြန် ပြန်လည်နေထိုင်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များက ပင်လောင်းမြို့ မွေတော်ဘုရားကြီးကျောင်းနှင့် မွေတော်ပရိယတ္တိစာသင်တိုက်တွင် ယာယီလာရောက်ခိုလုံ နေထိုင်သည့် လွယ်မောင်(အောက်ရွာ)နှင့် ထီဝါးလီကျေးရွာမှ ပြည်သူများအား ထောက်ပံ့ငွေများနှင့် စားနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်များ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်မြေပြိုမှုများဖြစ်ခဲ့ရာ လမ်းပေါ်သို့ မြေသားများ၊ ကျောက်တုံးများ ပိတ်ဆို့နေမှုများဖြစ်ခဲ့ကြောင်း၊ လမ်းများအလျင်အမြန် သွားလာနိုင်ရေးအတွက်နှင့် ပျက်စီးသွားသည့် စာသင်ဆောင်အပိုင်းအစများကို အမှတ် (၄) စစ်အခြေခံလေ့ကျင့်ရေးတပ် အရာရှိစစ်သည်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာသူရွာသားများက ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်