ကျွန်းစုမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျွန်းစု ဩဂုတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်သူများ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ကေသွယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဝေလှိုင်စိုး၊ မြို့နယ်လူမှုဝန်ထမ်း‌ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့တို့က Facebook၊ Viber၊ Telegram စသည်တို့ကို အသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့်နည်းလမ်းများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် သတိပြုရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်မှုများ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့်အချက်များ၊ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ လိမ်လည်လှည့်ဖြားရယူခြင်းများ၊ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများအား သတိပြုဆင်ခြင်နိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်သူများအား ပညာပေး Video Clip ၂ ခု ပြသပေးခဲ့ပြီး သုတ၊ ရသ စာအုပ်များအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)