မြစ်ကြီးနား သြဂုတ် ၄
ကချင်ပြည်နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး တောင်သူအသိပညာပေးခြင်းနှင့် လိုအပ်သည်များ ဖြည့်ဆည်းထောက် ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၄ ရက် နံနက် ၈ နာရီက တာဝန်ရှိသူများနှင့်အတူ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း စုပေါင်းပျိုးထောင် စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဗလမင်းထင်စံပြစိုက်ကွင်း၌ စံပြစိုက်ကွင်းအတွင်းရှိ တောင်သူများနှင့် တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်များ ပေါင်းစပ်စိုက်ပျိုးရမည်ဖြစ်သကဲ့သို့ ကောက်စိုက်ရာတွင်လည်း ကောက်ကွက်ပြည့်မီရေးသည် အဓိကဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း စာရင်းဇယားများအရ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စပါးစိုက်ဧက ၄၇၄၄၇၇ ရှိသည့်အနက် ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးခြင်းသည့် ဧက ၇၅၀၀၀ ကျော်တွင် တစ်ဧကထွက်နှုန်း (၈၇ ဒဿမ ၉၁)တင်း ရရှိခဲ့သည့်အတွက် ရိုးရိုးပျိုး၍ စိုက်ပျိုးခြင်းထက် တစ်ဧကပျမ်းမျှ တင်း ၂၀ ပိုမိုထွက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် သွင်းအားစုများကို အချိန်ကိုက် အချိုးကျ ဖြည့်စွက်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူများအနေဖြင့် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိအောင် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ပါက တောင်သူဝင်ငွေတိုးပွားလာမည့်အပြင် ဒေသဝမ်းစာဖူလုံပိုလျှံလာမည်ဖြစ်သည့်အတွက် အားလုံးက တညီတညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကွင်းအတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာအိတ်များနှင့် ရွက်ဖျန်းအားတိုးဆေးများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မိုးစပါးစိုက်ကွင်းအတွင်း ကောက်စိုက်သမများ၏ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ကောက်ကွက်ပြည့်မီရေးအတွက် တောင်သူအသိပညာပေး စုပေါင်းပျိုးထောင်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးမှုများကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်း ၂၀၂၁-၂၀၂၁ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၅၀၄၈၄၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၅၁၅၅၀၇ ဧကအထိ တိုးမြှင့်စိုက်ပျိုးလာနိုင်ခဲ့ရာမှ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ မိုးစပါးစိုက်ပျိုးမှု ဧကပေါင်း ၄၈၀၁၀၃ ဧကသာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ဒေသတွင်းဆန်ဖူလုံမှုအနေဖြင့် ၁၀၂ ဒဿမ ၂၄ ရာခိုင်နှုန်းရှိကြောင်း သိရပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ခရိုင်အလိုက် ဒေသဝမ်းစာဖူလုံရေးအတွက် ဆောင်ရွက်ခဲ့ရာ ပူတာအိုခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆန်ဖူလုံမှု (၈၈ ဒဿမ ၆၆)ရာခိုင်နှုန်း ရှိနေရာမှ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဒေသဝမ်းစာဖူလုံမှု (၁၀၄ ဒဿမ ၂၁) ရာခိုင်နှုန်းအထိ ဖူလုံစေခဲ့ပြီး ယခုနှစ်တွင် တနိုင်းခရိုင် ဆန်ဖူလုံမှု ရှိစေရေးအတွက် ခရိုင်တစ်ခုလုံး၏ ဆန်ဖူလုံမှု (၄၂ ဒဿမ ၀၅) ရာခိုင်နှုန်းမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖူလုံမှုရာခိုင်နှုန်း (၉၀)ကျော်ရရှိရေး ဆင်းဧကရီ-၃ မျိုးစပါး ပြောင်းလဲစိုက်ပျိုးနိုင်ရန် မျိုးစပါးတင်း ၃၀၀၀ ကျော် ပေးပို့ထောက်ပံ့ထားရှိရာ လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် တနိုင်းခရိုင်တွင်လည်း ဆန်ဖူလုံမှုရာနှုန်းပြည့်မြောက်မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)