ပူတာအို ဩဂုတ် ၄
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/မများအား အီလက်ထရောနစ်မဲပေးစက်အား စနစ်တကျမှန်ကန်စွာ ကိုင်တွယ်အသုံးပြုလာနိုင်စေရန်နှင့် ကိုင်တွယ်အသုံးပြုရာတွင် အခက်အခဲမရှိစေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် ((MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန်းထွေးက အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ဘေလားခူရ်ဘူဆားရ်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
သင်တန်းတွင် ပူတာအိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးအောင်နိုင်ဦး၊ နောင်မွန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးအောင်ဇော်ဦး၊ မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးမိုးအောင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ နည်းပြအကူဝန်ထမ်းများက အီလက် ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးစက်ကို ထုတ်ပိုးတည်ဆောက်ပုံ၊ မဲရုံအဖွဲ့ဝင်များက ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်း၊ မဲပေးစက်မှ မဲရလာဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ၊ မဲပေးစက်၏ လုံခြုံစိတ်ချမှုစသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အချက်အလက်များကို စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/မများ သင်တန်းသား/သူစုစုပေါင်း(၁၈၇)ဦးတို့အား သင်တန်းကာလနှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသား/သူများအား အဖွဲ့(၆)ဖွဲ့ ဖွဲ့စည်း၍ အီလက်ထရောနစ်မဲပေးစက်အား ကျွမ်းကျင်စွာ ဖြုတ်/ တပ် ကိုင်တွယ်အသုံးပြုနိုင်ရန်နှင့် မှန်ကန်စွာအသုံးပြုနိုင်ရေးအတွက် ပထမအသုတ်အနေဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)