မိတ္ထီလာမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မိတ္ထီလာ ဩဂုတ် ၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးဗီဒီယိုများပြသခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဦးစွာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စောနှင်းဦးနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်တို့က ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာများကို ဆွေးနွေးပြောကြားသည်။ ထိုနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူလုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ  ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဗီဒီယို ၂ ခုကို ဆရာဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ အားပြသသည်။ ထိုနောက် တက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများက ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဗီဒီယိုများတွင် ပါဝင်အကြောင်းအရာများနှင့် ပတ်သက်၍ ၎င်းတို့မှတ်သားသိရှိရသည်များကို ဆွေးနွေးပြောကြားရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မွန်းလွဲ (၁) နာရီတွင် အဆိုပါ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး ဗီဒီယိုများပြသခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ