ကော့သောင်း ဩဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်မီးသတ် ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခန့်က ကော့သောင်းခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်းနှင့် ပရဟိတအသင်းများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲမြတ်တင့်က “ယနေ့ခေတ်၊ ယနေ့ကာလသည် ကမ္ဘာနဲ့တစ်ဝှမ်းတွင် ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ ဂေဟစနစ်များ ပြောင်းလဲခြင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းတို့ကြောင့် သဘာဝဘေးအမျိုးမျိုးဒဏ်ကို လူသားတို့ ပို၍ပို၍ ခံစားနေရသည်ကို တွေ့ကြုံနေရသဖြင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ မဖြစ်မနေလိုအပ်လျက်ရှိပါကြောင်း၊ကော့သောင်းခရိုင်မီးသတ်စခန်းသည် ဘေးအန္တရာယ်တစ်ခုခုကြောင့် ဖြစ်ပွားခဲ့သော ရှာဖွေရေးလုပ်ငန်းများ၊ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းဆိုသည်မှာ လူမှုရေးလုပ်ငန်းများထဲမှတစ်ခု အပါအဝင်ဖြစ်ပြီး လူမှုရေးလုပ်ငန်းကို လူမှုရေးစိတ်ဓာတ်ရှိသူများသာ လုပ်နိုင်တာဖြစ်ပြီး လူမှုရေးလုပ်ငန်း ဆောင်ရွက်ဖို့ အချိန်ပေးနိုင်သူ၊ စေတနာ၊ ဝါသနာ၊ အနစ်နာခံနိုင်သူ၊ စွန့်လွှတ်စွန့်စားနိုင်သူများသာ လုပ်ကိုင်သည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့လုပ်ငန်းအပေါ်တွင် ဂုဏ်ယူစွာနဲ့ တန်ဖိုးထားတတ်ဖို့လိုပြီး ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များရဲ့ တန်ဖိုးဟာ ကူညီလိုစိတ်၊ ကယ်ဆယ်လိုစိတ်ဖြစ်ပါကြောင်း၊ ကယ်ဆယ်ရေးသုံးပစ္စည်းများ၏တန်ဖိုးသည် လိုအပ်ချိန်မှာ အသုံးချနိုင်မှု ဖြစ်ပါတယ်၊ အတတ်ပညာရဲ့ တန်ဖိုးဟာ မိမိတစ်ဦး တစ်ယောက်ထဲ သိထားတတ်ထားခြင်း မဟုတ်ဘဲ သက်ဆိုင်သူတွေကိုပါ သိအောင်တတ်အောင် သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးများ သဘောသဘာဝအရ အဖွဲ့အစည်းတစ်ခုတည်းဆောင်ရွက်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုထိရောက် အောင်မြင်မည်ဖြစ်သည့်အတွက် မီးသတ်ဦးစီးဌာနအနေဖြင့် လက်တွဲဆောင်ရွက်မည့် လူမှုရေးအသင်းအဖွဲ့များကို လက်တွဲခေါ်ယူသည့်အနေဖြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ သိသင့်သိထိုက်သော အခြေခံသဘောတရားများ၊ စည်းမျဉ်းစည်းကမ်းများ၊ နည်းစနစ်များ၊ အထွေထွေဗဟုသုတများရရှိရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအတွင်းချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ အခြေခံပညာရပ်များကိုမိမိတို့အတွေ့အကြုံနှင့်ပေါင်းစပ်၍ ပိုမိုတိုးတက်အောင်ဆောင်ရွက်ကြရန်၊ သင်တန်းမှရရှိတတ်မြောက်လာသည့်သင်ခန်းစာ၊ အတွေ့အကြုံ၊ ဗဟုသုတများကို မိမိတို့ အသင်းအဖွဲ့ဝင်များအား လက်ဆင့်ကမ်းသင်ကြားပေးကြရန်" အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်းက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ခရိုင်အဆင့်ရှာဖွေကယ်ရေးသင်တန်းတွင် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် နာရေးကူညီမှုအသင်း၊ပရဟိတအသင်းတို့မှ သင်တန်းသား (၅၀)ဦးအား ဩဂုတ်လ(၄)ရက်နေ့မှ (၁၅)ရက်နေ့ထိ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)