မူဆယ် ဩဂုတ် ၄
မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဌာနဆိုင်ရာများ စုပေါင်း၍ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူး ရဲမှူးမင်းနိုင်က လူကုန်ကူးခံရမှုများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးနေသည်ဟု သံသယရှိပါက ဆက်သွယ်ရမည့် လိပ်စာဖုန်းနံပါတ်များကို ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အကြောင်း ဟောပြောပြီး လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသည့် အသိပညာပေးဗီဒီယိုကလစ် (၂)ခုအား ပြသပေးခဲ့သည်။
ယင်းနောက် မူဆယ်မြို့ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်ဇော်က အဖွဲ့မှ ကူညီဆောင်ရွက်ပေးမည့်လုပ်ငန်းများနှင့် စစ်မှုထမ်းဥပဒေအကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ခင်က မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် လိုက်နာရမည့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာများအကြောင်း၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းများအကြောင်းကို ဆွေးနွေးဟောပြောခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပါက အရေးပေါ်မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာများ၊ ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)