ကျောက်ဆည် ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟက ပလတ်စတစ်သည် မြို့ပြ၏သန့်ရှင်းသာယာလှပမှု၊ မြေထုကိုညစ်ညမ်းမှု၊ ရေထုကိုညစ်ညမ်းမှု၊ လေထုကိုညစ်ညမ်းမှုနှင့် ကျန်းမာရေးကိုထိခိုက်သည့် ဆိုးကျိုးများနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက “ပတ်ဝန်းကျင်သာယာလှပစေဖို့ ပလတ်စတစ်အမှိုက်ကင်းစင်ရေး ဆောင်ရွက်ကြစို့’’ ဆောင်ပုဒ်နှင်အညီ အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောခဲ့ပြီး ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာများ ၊ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား အမှိုက်ခွဲခြားစွန့်ပစ်ရန် အရောင်ခွဲခြား၍ သတ်မှတ်ထားသည့် အမှိုက်ပုံးအမျိုးအစားများ၊ ခွဲခြားစွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများနှင့်ပတ်သက်၍ အမှိုက်စနစ်တကျစွန့်ပစ်ရေး လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
တင်တင်ထွေး