မြိတ် ဩဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြမည့် လူမှုရေးအသင်းအဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ သိသင့်သိထိုက်သော အခြေခံသဘောတရားများ၊ စည်းမျဉ်းစည်းကမ်းများ၊ နည်းစနစ်များ၊ အထွေထွေ ဗဟုသုတများ ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းတွင် လက်တွေ့ သင်ကြားပို့ချမည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါသင်တန်းကို ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းတွင် သဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာဗဟုသုတများ၊ ကျန်းမာရေးဆိုင်ရာဗဟုသုတများ၊ မိုးလေဝသဆိုင်ရာ ဗဟုသုတများ၊ ရှေးဦးသူနာပြုစုနည်းများ၊ အခြေခံကြိုးချည်နည်း၊ ကြိုးအသုံးပြုကယ်ဆယ်နည်း၊ ခေတ်မီကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုနည်း၊ အသက်ရှူကိရိယာအသုံးပြုနည်း၊ အမှောင်ထုအတွင်း သွားလာမှုစနစ်၊ ရေတွင်းအသက်ကယ်နည်းစနစ်၊ ပြိုကျပျက်စီးနေသော အဆောက်အအုံ၌ ကယ်ဆယ်ရေးစနစ်၊ ယာဉ်မတော်တဆမှုများ ကယ်ဆယ်ရေးနည်းစနစ်၊ အခြေခံအသက်ကယ်ဆယ်ရေး အထောက်အပံ့နှင့်လူနာသယ်ဆောင်နည်းစနစ်များ စသည့်သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)