လှိုင်းဘွဲ ဩဂုတ် ၄
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လှိုင်းဘွဲမြို့ (က)ရပ်ကွက် အောင်မြင်သာယာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော်၊သံဃာတော်များထံမှ ငါးပါးသီလနှင့်ဩဝါဒများကိုခံယူပြီး စစ်ဗျူဟာအဖွဲ့ (အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးအုန်းတင်က ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား နှစ်စဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကရင်တိုင်းရင်းသားအားလုံးတို့သည် မိမိတို့၏ ရိုးရာ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ စာပေများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မြတ်နိုးတန်းဖိုးထားတတ် ခြင်းတို့ကို ပြောကြားခဲ့ပြီး ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာစာတမ်းကို မြန်မာဘာသာနှင့်ကရင်ဘာသာတို့ဖြင့် ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များက ဖတ်ကြားခဲ့ကြသည်။
ဆက်လက်၍ လိပ်ပြာမောင်နှံခုနှစ်ဖေါ်အား ဖိတ်ခေါ်ပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲတွင် တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းအဖွဲ့ဝင်များနှင့်ပရိတ်သတ်များအား တစ်ဦးနှင့်တစ်ဦး ချည်ဖြူဖွဲ့ခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းနှင့် ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များက ကရင်ရိုးရာ တေးသီချင်းများ၊ စည်လုံးညီညွှတ်ခြင်း တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)