မြိတ်မြို့တွင် ပင်လယ်ငါးသယံဇာတစီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြိတ် ဩဂုတ် ၄

တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းကဏ္ဍ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပင်လယ် ငါးသယံဇာတစီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တိုင်းဒေသကြီးအတွင်း ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးသယံဇာတ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ ငါးသယံဇာတထိန်းသိမ်းခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်၊ ရေငန်ငါးသယံဇာတများ သုတေသနအခြေပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တရားမဝင် ငါးဖမ်းဆီးခြင်းများ၊ တရားမဝင်လုပ်ငန်းများ မရှိစေရေးထိန်းသိမ်းခြင်း၊ ထိန်းသိမ်းရမည့် နည်းလမ်းများ ရှာဖွေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ပညာရှင်များကို ဖိတ်ကြားပြီး ငါးလုပ်ငန်း စီမံခန့်ခွဲမှုများကို အထောက်အကူပြုနိုင်မည့် ပင်လယ်ပြင်ဆိုင်ရာလေ့လာမှုများကို ဆောင်ရွက်နိုင်ရန်အတွက် ဒီကနေ့မှာ ပင်လယ်ငါးသယံဇာတစီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းရေးဖိုရမ် (Marine Fisheries Forum)ကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ပင်လယ်သယံဇာတများကို အသုံးချရေးနှင့်ထိန်းသိမ်းရေးကို ဟန်ချက်ညီစွာ ဆောင်ရွက်ပေးပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုများ ရရှိရေးအတွက် အများပူးပေါင်းပါဝင်မှုဖြင့် စီမံအုပ်ချုပ်သည့်စနစ် တစ်ရပ်ဖြစ်ပေါ်စေရန် သက်ဆိုင်သူအားလုံးက ပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ငါးလုပ်ငန်းကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သဘာဝမှ ဖမ်းဆီးခြင်း၊ မွေးမြူခြင်းနှင့် ပြုပြင်ထုတ်လုပ်တင်ပို့ရောင်းချခြင်းတို့ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ရေလုပ်ငန်းရှင်များသည် မိမိတိုင်းဒေသကြီးအတွင်းရှိ ရေလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရန်၊ လိုအပ်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ဒေသအတွင်းရေလုပ်ငန်းနှင့်ပတ်သက်သည့် အသိပညာရှင်များ၊ ပိုမိုပေါများပေါ်ထွန်းလာစေပြီး လူသားအရင်းအမြစ်များ ပိုမိုများပြားလာစေရန်အတွက် သုတေသနရန်ပုံငွေထည့်ဝင်၍ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲကို စတင်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်(၃)ရက်နှင့် (၄)ရက် ကျင်းပသွားမည်ဖြစ်ပြီး စာတမ်းရှင်(၁၄)ဦးမှ ပင်လယ်ငါးသယံဇာတစီမံခန့်ခွဲမှုနှင့်ထိန်းသိမ်းရေးဆိုင်ရာစာတမ်းများကို ဖတ်ကြားခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းဆောင်ရွက်ကြမည်ဖြစ်ကာ ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြိတ်တက္ကသိုလ်မှ ပါမောက္ခများနှင့် ဖိတ်ကြားထားသော ပညာရှင်များ၊ စာတမ်းရှင်များ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ တိုင်းဒေသကြီးနှင့် မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲချုပ်၊ ငါးလုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)