မင်္ဂလာဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မင်္ဂလာဒုံ သြဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်၌ မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များတို့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ဝင်းဝင်းမာ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာတာဝန်ရှိသူများ ပူးပေါင်း၍ ပတ္တမြားရပ်ကွက်နှင့် ကာယရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် ပတ်ဝန်းကျင်များတွင် ရေကန်၊ ရေစည်၊ ရေအိုးများ၊ မိုးရေတင်နိုင်သော ခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက်၊ ညောင်ရေအိုး၊ ပန်းအိုးများတွင် ပိုးလောက်လန်းများ ကာကွယ်နှိမ်နှင်းနိုင်ရေးအဘိတ်ဆေးများ ခတ်‌ပေးခြင်း၊ ဆေးဖျန်းပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး ပြည်သူများအား သွေးလွန်တုပ်ကွေးနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း