ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ဆောင်ရွက်

ကိုကိုးကျွန်း သြဂုတ် ၄

ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း(၄၅)မြို့နယ်တွင်ပါဝင်သော မြို့နယ်တစ်မြို့နယ်ဖြစ်သော်လည်း ရန်ကုန်မြို့နှင့် ရေမိုင်(၂၄၀)ခန့် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးမှာ နေ့စဉ်ပြေးဆွဲနေသော သင်္ဘောခရီးစဉ်မရှိခြင်း၊ မြို့နယ်အတွင်း ပြင်ပမှ ဖွင့်လှစ်ထားသော ဆေးခန်းများမရှိခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများမှာ ကျန်းမာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ပေးထားသော မြို့နယ်ဆေးရုံကိုသာ အားကိုးကုသနေရခြင်းကြောင့် မြို့နယ်အတွင်းနေထိုင်ကြသော သက်ကြီးဘိုးဘွားများအား အခမဲ့ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လစဉ်လဆန်း(၃)ရက်နေ့တိုင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပထမဦးစွာ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သက်ကြီးဘိုးဘွားများနေထိုင်ရာသို့ အိမ်တိုင်ရာရောက် ကိုကိုးကျွန်းမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ဆေးရုံမော်တော်ယာဉ်ဖြင့် တစ်အိမ်တက်ဆင်းလိုက်လံခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အခမဲ့ကျန်းမာရေးစစ်ဆေးပေးခဲ့ရာတွင် ကိုကိုးကျွန်းမြို့နယ်ဆေးရုံမှ လက်ထောက်ဆရာဝန်ကြီး ဒေါက်တာသုတအောင်ဦးဆောင်၍၊ သူနာပြုများ၊ အခြားအဆင့်ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများကို သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အခြားရောဂါများကိုပါ စမ်းသပ်ပေးပြီး ရောဂါလက္ခဏာများအလိုက် လိုအပ်သည့်အားဆေးနှင့် အခြားလိုအပ်သည့် ဆေးဝါးများကို အခမဲ့ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါသက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစစ်ဆေးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစောနှင့် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး ဘိုးဘွားများနှင့် တစ်ဦးခြင်းစီ၏ကျန်းမာရေးကို မေးမြန်းပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံမော်တော်ယာဉ်ဖြင့် သက်ကြီးဘိုးဘွားများ အိမ်အရောက်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)