ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

အင်းစိန် ဩဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များများသည် ယမန်နေ့နံနက်ပိုင်းက တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တွံတေးမွေးမြူရေးဇုန် ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာများ၊ ဇုန်ကော်မတီမှ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ရာ တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် တွံတေးမွေးမြူရေးဇုန်တွင် ဦးအောင်စိုးသန်း၏ ခြံတွင်အသားတိုးကြက် အကောင်ရေ (၅၀၀၀) မွေးမြူထားရှိမှု၊ ဦးအောင်လင်းဦး၏ ခြံတွင် ဘဲအကောင်ရေ(၈၀၀၀) မွေးမြူထားရှိမှု၊ ဦးစောနေလင်းအောင်၏ ခြံတွင် အသားတိုးဝက်(၁၀၀) မွေးမြူထားရှိမှု၊ ဦးဇားရား၏ ခြံတွင် ဥစားဘဲအကောင်ရေ (၃၀၀၀) မွေးမြူထားရှိမှု၊ ဒေါ်ဝင်းနုဝါဝါသိန်း၏ ခြံတွင် ဒေသကြက်နှင့် မေထုန်နွားမွေးမြူထားရှိမှု၊ ဒေါ်စုချစ်လွန်၏ ခြံတွင် နို့စားနွားအကောင်ရေ(၃၀)ကောင် မွေးမြူထားရှိမှု၊ မွေးမြူရေးဇုန် အစာစက် စက်ရုံဆောက်လုပ်နေမှု၊ ဦးဇော်ဝင်းဌေး၏ ခြံတွင် ဥစားကြက်အကောင်ရေ(၂၀၀၀) မွေးမြူထားရှိမှု၊ ဦးကျော်သူစိန် BOSS နို့စားနွားမွေးမြူရေး၏ ခြံတွင် နို့စားနွား အကောင်ရေ(၅၀)ကောင် မွေးမြူထားရှိမှု၊ ဦးမြင့်နိုင်၏ ခြံတွင် ငုံးအကောင်ရေ (၃၀၀၀၀) မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် တိုးချဲ့မွေးမြူကြရန်နှင့် တိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)