အင်းစိန် ဩဂုတ် ၃
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် (၆)ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က (၁၄)ခရိုင်မှ အကောင်းဆုံးအားကစားသမားများက (၆)ပေါက်တန်းခြင်းလုံးအမှတ်ပေး ဝိုင်းဖွဲ့ခတ် သရုပ်ပြသ ကစားနေမှုအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တက်သစ်စ(အမျိုးသမီး)ဆုရရှိသော သင်္ဃန်းကျွန်းခရိုင်အသင်းမှ မဖြူစင်ဖြိုး၊ တက်သစ်စ(အမျိုးသား)ဆု ရရှိသော သန်လျင်ခရိုင်အသင်းမှ မောင်ထက်မြတ်(ခ) Omestar၊ အကောင်းဆုံးဆုရရှိသော ဗိုလ်တထောင်ခရိုင်အသင်းမှ မောင်ဇင်လင်းထက်၊ နှစ်သိမ့်ဆုရရှိသော ဒဂုံမြို့သစ်ခရိုင်အသင်း၊ တတိယဆုရရှိသော မရမ်းကုန်းခရိုင်အသင်း၊ ဒုတိယဆုရရှိသော အင်းစိန်ခရိုင်အသင်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုတံဆိပ်၊ တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပထမဆုရရှိသော ဗိုလ်တထောင်ခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ခဲ့ကြပြီး ဒိုင်အဖွဲ့နှင့် ခြင်လုံးသရုပ်ပြကစားခဲ့သည့် တက်သစ်စလူငယ်များအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသမီးလက်ရွေးစင်အဖွဲ့၊ (၁၄)ခရိုင်မှ အကောင်းဆုံးအားကစားသမားများအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)