အင်းစိန် ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သတ္တမအကြမ်မြောက် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးခြင်ကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်း ဝဲဘက်ခြမ်း စုပေါင်းရုံးရှေ့ရှိ မြေဧရိယာ(၂.၂၅)ဧကတွင် စိုက်ပျိုးသည်။
ထိုသို့စိုက်ပျိုးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနမှူးများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က မဟော်ဂနီ(၁၂၁၅)ပင် စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ နဝဒေးဥယျာဉ်အိမ်ရာရှေ့တွင် ရေစီးရေလာကောင်းမွန်ရေး စက်ယန္တရားများဖြင့် အမှိုက်များနှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုအားလည်းကောင်း၊ အမှတ်(၅)လမ်းနှင့် တေးဥယျာဉ်ပတ်လမ်းထောင့်အနီးတွင် ဇလားပုံအုတ်စီရေမြောင်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်လမ်းဘေးရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖွင့်လှစ်ရောင်းချနေသည့် ကုန်ပစ္စည်းမျိုးစုံဆိုင်တွင် ဟင်းသီးဟင်းရွက်၊ ကုန်ခြောက်၊ ကုန်မျိုးစုံနှင့် စားသောက်ကုန်များစသည့်တို့ကို ပြည်သူများဝယ်ယူနေမှုများအား လည်းကောင်း၊ အောင်ဇေယျတံတားအဆင်းတွင် ဇလားပုံ အုတ်စီရေမြောင်းဆောင်ရွက်နေမှုအားလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကစင်ကျေးရွာအုပ်စု၊ ကနောင်မင်းသားကြီးလမ်းပေါ်ရှိ DENKO ဆီဆိုင်ရှေ့ ရေမြောင်းချဲ့၍ ရွှေလင်ဗန်းချောင်းအတွင်းသို့ ရေများစီးဆင်းနိုင်ရေး ရေမြောင်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ ကနောင်မင်းသားကြီးလမ်းဘေး ရေစီးရေလာကောင်းမွန်ရေး စက်ယန္တရားများဖြင့် အမှိုက်များနှင့် နုန်းများဆယ်ယူရှင်းလင်းနေမှုနှင့် အများပြည်သူ အားကစားကွင်း ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းနှင့် ပဒုမ္မာလမ်းထောင့်တွင် အုတ်စီရေမြောင်း ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား အချိန်တိုအတွင်းပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာ ရေမြောင်းတစ်လျှောက် အမှိုက်၊ နုန်းများ ဆယ်ယူရှင်းလင်းရန်၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းရန်၊ ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လမ်းနယ်နိမိတ်များ မှန်ကန်စေရေး မြေပုံ၊ မြေပြင်စနစ်တကျ တိုက်ဆိုင်စစ်ဆေးရန်၊ လမ်းသားနှင့်မလွတ်ကင်းသည့် လျှပ်စစ်မီးတိုင်များအား ပြောင်းရွေ့ဆောင်ရွက်ရန်နှင့် ဆယ်သွယ်ရေးကြိုးများအား စနစ်တကျရှိစေရေး ဆောင်ရွက်ရန် စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)